အညာစစ်ဆင်ရေးမှာ အရေးနိမ့်နေတဲ့ မင်းအောင်လှိုင်စစ်တပ်(သတင်းဆောင်းပါး)

အညာစစ်ဆင်ရေးမှာ အရေးနိမ့်နေတဲ့ မင်းအောင်လှိုင်စစ်တပ်(သတင်းဆောင်းပါး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားရေတပ်နဲ့ ပူးတွဲပြီး နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတခွင်က စစ်ဆင်ရေးတွေမှာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

အောက်တိုဘာ ၂၇ ရက် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးစတင်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ခေါင်းဆောင်းမင်းအောင်လှိုင်နောက်လိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသေအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး မြို့  ၅ မြို့အပါအဝင် စစ်တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ 

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ကောလင်းမြို့မြင်ကွင်း။
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ကောလင်းမြို့မြင်ကွင်း။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို ဝင်ရောက်တိုက်ခိုက်နေရာမှာ စစ်ကောင်စီဘက်က အသေအဆုံးများပြီး စခန်းသိမ်း မီးရှို့ခံရတာ၊ စခန်းစွန့်ခွာပြီး ဖရိုဖရဲထွက်ပြေးရတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ခရိုင်မြို့တခုဖြစ်တဲ့ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ နိုဝင်ဘာ ၇ ရက်မှာတော့ မြို့ကို သိမ်းပိုက်နိုင်လိုက်ပြီး ခရိုင်ထွေထွေအုပ်ချုပ်ရေးရုံးမှာ ပြည်သူ့တော်လှန်ရေးအလံတော်ကို လွှင့်ထူနိုင်ခဲ့ပါတယ်။

ပုံစာ - ကောလင်းမြို့ပေါ်တွင် ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားပုံ။
ပုံစာ - ကောလင်းမြို့ပေါ်တွင် ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားပုံ။

ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကောလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေအခြေပြုတပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပုံစာ - ကောလင်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်များ။
ပုံစာ - ကောလင်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်များ။

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေ အောင်မြင်စွာသိမ်းပိုက်နိုင်လိုက်တဲ့ ဒုတိယမြောက်မြို့ဟာ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ပဲဖြစ်ပါတယ်။ 

ခမ်းပတ်မြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ရက်မြောက်နေ့ နိုဝင်ဘာ ၇ ရက်မှာ မြို့မရဲစခန်းထဲကနေ စစ်ကောင်စီနဲ့ ရဲတပ်သားတွေ အကုန်လုံးထွက်ပြေးသွားခဲ့တာကြောင့် တမြို့လုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ 

နိုဝင်ဘာ ၃ ရက်ကစတင်ကာ ခမ်းပတ်မြို့ကို PDF တွေက ဝင်ရောက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ ၂ ရက်ဆက်တိုက်ပေးခဲ့ပေမယ့် နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်တာ မရှိခဲ့ပါဘူး။ 

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ခမ်းပတ်မြို့ ရဲစခန်း။
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ခမ်းပတ်မြို့ ရဲစခန်း။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း  နိုဝင်ဘာ ၇ မှာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁)စစ်ဒေသ၊ တမူးခရိုင်ကွပ်ကဲမှုအစီအစဥ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊   ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေက အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

 

အညာဒေသတခွင်က စခန်းသိမ်းတိုက်ပွဲတွေ

အညာတခွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ နှစ် ၇၀ ကျော်သက်တမ်းရှိ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်လုပ်တူမီးသေနတ်ဆွဲကိုင်ကာ စစ်ရေးအတွေ့အကြုံ ၂ နှစ် ဝန်းကျင်သာရှိတဲ့ အညာတော်လှန်ရေးသမားတွေရဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ပထမအပတ်ကစလို့ ဒီနေ့အထိ ကာလတိုအတွင်းမှာပဲ စစ်ရေးအရှိန်မြှင့်ခဲ့တဲ့ အညာတော်လှန်ရေးသမားတွေရဲ့ ထိုးစစ် စစ်ဆင်ရေးအောက်မှာ သက်တမ်းရင့်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တပ်စခန်း၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေဟာ တခုပြီး တခု တိုက်ခိုက်သိမ်းပိုက်ခံနေရပါတယ်။

အညာလက်နက်ကိုင်တော်လှန်ရေးသမားတွေဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ထီးချိုင့်၊ ဝန်းသို၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ ချပ်သင်း၊ ကလေး၊ တမူး၊ ဂန့်ဂေါ၊ ချောင်းဦး၊ မြောင်စတဲ့မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းတွေအပြင် မြို့ပေါ်တပ်စခန်း၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ကောလင်းမြို့မြင်ကွင်း။
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ကောလင်းမြို့မြင်ကွင်း။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးသပိတ်အင်အားစုတွေက အသီးသီးစာထုတ်ပြီးတဲ့နောက်ပိုင်းမှာ အခုလို စစ်ရေးအရှိန်မြင့်လာတာလည်းဖြစ်ပါတယ်။ 

 

စစ်ကိုင်း

စစ်ကိုင်းတိုင်း၊ တမူးနဲ့ကလေးမြို့နယ်အတွင်းက ရဲစခန်းနဲ့ စစ်တပ်အထိုင်စခန်းတွေဟာ နိုဝင်ဘာ ၃ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့ကြတာပါ။ 

တမူးမြို့နယ်၊ ခမ်းပတ်မြို့မရဲစခန်း၊ ဝိတုတ်ရွာ စစ်တပ်စခန်း၊ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်အကျဉ်းစခန်းနဲ့ ကလေးမြို့တောင်ပိုင်း မြောက်စည်းရွာရဲစခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် အထိုင်ချတပ်စွဲထားတဲ့ မြောက်စည်းကျေးရွာရဲစခန်းကို နိုဝင်ဘာ ၃ ရက် မနက် ၆ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီကျော်မှာ သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ၄ ကြိမ်လာရောက်ပစ်ခဲ့ပေမယ့် အဲဒီကြားထဲကပဲ စခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရဲဘော် ၂ ဦး သေဆုံးခဲ့ပါတယ်။ 

မြောက်စည်းရဲစခန်း အသိမ်းခံလိုက်ရတဲ့နောက်မှာတော့ စခန်းက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မြောက်စည်းရဲစခန်းနဲ့ ၁ မိုင်နီးပါးဝေးတဲ့ ရန်ကြီးအောင်ကျေးရွာမှာ အထိုင်ချထားတဲ့တပ်စခန်းဆီ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးက စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ခန့်တပ်စွဲထားတဲ့ သဖန်းဆိပ်ဆည် ရဲကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ စခန်းထဲအထိဝင်ရောက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ တင့်ကားပစ်ကူတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် စခန်းကို သိမ်းနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ 

အဲ့ဒီလိုတိုက်ခိုက်ခံရပြီး နောက်မှာတော့ စစ်ကောင်စီဟာ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၁ စီးနဲ့ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကို စစ်အင်အားဖြည့်တင်းထားခဲ့ပါတယ်။ 

ဒါပေမဲ့ ကျွန်းလှမြို့နဲ့ ၁၈ မိုင်အကွာမှာရှိတဲ့ ချပ်သင်းတိုက်နယ်ထဲက ချပ်သင်းနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂ ရက်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တင်တွေဟာ ထွက်ပြေးသွားတာကြောင့် အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းနဲ့စာရွက်စာတမ်းတွေကို မီးရှို့နိုင်ခဲ့ပါတယ်။ 

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ချပ်သင်းနယ်မြေရဲစခန်း။
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် ချပ်သင်းနယ်မြေရဲစခန်း။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အနောက်ဘက်က စစ်ကောင်စီတပ်ဂိတ်စခန်းကိုလည်း နိုဝင်ဘာ ၃ ရက် မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ပြီး ဘန်ကာ ၂ ခုကျော် မီးရှို့နိုင်ခဲ့ကြပါတယ်။ 

အဲ့ဒီဂိတ်စခန်းကို တိုက်ခိုက်နေချိန်မှာ အရာတော်မြို့အခြေစိုက် အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) ကနေ အင်အားအများအပြားနဲ့ စစ်ကူရောက်ရှိလာတဲ့အတွက် အင်အားမမျှလို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ 

ချောင်းဦးမြို့နဲ့ ၂ မိုင်ခန့်အကွာက မုံရွာ-မန္တလေးကားလမ်းမဘေး မြပုလဲစက်သုံးဆီဆိုင်အနီးမှာ အင်အား ၄၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဂိတ်စခန်းကိုလည်း ချောင်ဦးတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၄ ရက်မှာ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားပြီး ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဦး မြို့ထဲကို ဝင်ပြေးသွားတာကြောင့် စခန်းကိုသိမ်းပိုက်နိုင်ပြီး မီးရှို့နိုင်ခဲ့ကြပါတယ်။ 

အခုလို စစ်ကိုင်းတိုင်းအတွင်းက မြို့တွေမှာ ဒေသကာကွယ်ရေးတပ်တွေက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ အင်တိုက်အားတိုက်ဆင်နွှဲနေကြသလို မကွေးတိုင်းအတွင်းက တချို့မြို့နယ်တွေမှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလို့နေပါတယ်။ 

 

မကွေး

မကွေးတိုင်းအတွင်း တိုက်ခိုက်မှုတွေအနက် ထင်ရှားခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲကတော့ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းသိမ်းတိုက်ပွဲပဲ ဖြစ်ပါတယ်။ မင်းရွာရဲစခန်းဟာ ဂန့်ဂေါမြို့တောင်ပိုင်းမှာ ရှိတာပါ။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၃ ရက် မနက် ၆ နာရီမှ ၁၀ နာရီအထိ ၄ နာရီကြာသာ တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းမီးရှို့နိုင်ခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ 

ပုံစာ - မင်းရွာရဲစခန်းမှ ဖမ်းဆီရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ - မင်းရွာရဲစခန်းမှ ဖမ်းဆီရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် ၆ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချအညံ့ခံကာ သေနတ် ၁၇ လက်နဲ့ ကျည်ဆံ အမြောက်အများ သိမ်းဆည်းရရှိခဲ့ပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ရဲဘော် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။

မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ နယ်မြေခံ ပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ၃ ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် ဂန့်ဂေါမြို့အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းကဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ကြားက စခန်းကို သိမ်းနိုင်ခဲ့တာပါ။ 

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် မင်းရွာရဲစခန်း။
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် မင်းရွာရဲစခန်း။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၂ ဦး ထိမှန်သေဆုံးခဲ့ရပါသေးတယ်။ 

မင်းရွာရဲကင်းစခန်း မီးရှို့ခံရပြီးတဲ့နောက်မှာတော့ ဂန့်ဂေါမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ တောင်ခင်ရန်းရဲစခန်းက ရဲနဲ့ စစ်သားတွေဟာ စခန်းကို စွန့်ခွာပြီး မြောက်ခင်ရန်းရွာကို ထွက်ပြေးသွားကြတဲ့အတွက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဟာ တောင်ခင်ရန်းရဲစခန်းကို အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားပြီးတဲ့နောက် ABSDF တပ်ဖွဲ့မှ မိုင်းကျွမ်းကျင်သူတွေနဲ့ မဟာမိတ်တွေ ပူးပေါင်းကာ တောင်ခင်ရန်းရဲစခန်းမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ခဲ့ရာ နင်းမိုင်း ၁၀ လုံးကျော်ကို ရရှိခဲ့ပါတယ်။ 

ပုံစာ - တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာပြီးနောက် ABSDF တပ်ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းကာ မိုင်းရှင်းနေပုံ။
ပုံစာ - တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာပြီးနောက် ABSDF တပ်ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းကာ မိုင်းရှင်းနေပုံ။

ဂန့်ဂေါမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လှုပ်ရှားမှုတွေ မရှိတော့ဘဲ စခန်းမကျရေးအတွက် ခံစစ်ကိုသာ အဓိကထားပြင်နေကြတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

မြောင်မြို့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံအားပေးတဲ့အနေနဲ့ မြောင်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အမက ၂ နဲ့ မြို့အနီးက စစ်ဆေးရေးဂိတ်တွေကို နိုဝင်ဘာ ၂ မှ ၄ ရက်အထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

 

လေကြောင်းကို အားကိုးနေရတဲ့ စစ်ကောင်စီ

အခုလို မြေပြင် မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တန်ပြန်ထိုးစစ်ဆင်နွှဲတာ၊ မြေပြင်စစ်ကူပေးတာတွေထက် လေကြောင်းပစ်ကူတွေကိုသာ အဓိကထားလုပ်နေတာကို တွေ့ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ အညာဒေသမှာတော့ စစ်ကောင်စီလေကြောင်းပစ်ကူတွေ ကြားထဲကပဲ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တာပါ။ 

မင်းရွာရဲစခန်းအသိမ်းခံရမှုမှာ စခန်းက တာဝန်ရှိသူတွေက စစ်ကောင်စီရဲ့ အထက်အရာရှိတွေထံ လေကြောင်းပစ်ကူတောင်းခဲ့ပေမယ့် လေကြောင်းပစ်ကူလုံးဝမပေးနိုင်ခဲ့တာကို မင်းရွာရဲစခန်းမှာ သေဆုံးသွားတဲ့ ရဲအရာရှိတဦးရဲ့ တယ်လီဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုအသံဖိုင်တွေအရ သိရပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အညာဒေသက စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ နေပြည်တော်ရဲ့ စစ်ရေး ကူညီမှုတွေမရဘဲ အသေအဆုံးတွေများနေတာကြောင့် နောက်တန်းမှာကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်မိသားစုတွေက နတ်နန်းတွေမှာ ယတြာချေ ပွဲပေးတာ၊ ပရိတ်၊ ပဌာန်း ရွတ်ဖတ်တာတွေကိုပါ တောက်လျှောက်လုပ်နေကြတယ် ဆိုတာကို သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

ပုံစာ - စစ်ရေးအရေးနိမ့်နေတဲ့ မင်းအောင်လှိုင်စစ်တပ်က အန္တရာယ်ကင်းရန် တပ်ဖွဲ့ဝင်မိသားစုတွေကို ပရိတ်ရွတ်ခိုင်းသည့် ညွှန်ကြားချက်။
ပုံစာ - စစ်ရေးအရေးနိမ့်နေတဲ့ မင်းအောင်လှိုင်စစ်တပ်က အန္တရာယ်ကင်းရန် တပ်ဖွဲ့ဝင်မိသားစုတွေကို ပရိတ်ရွတ်ခိုင်းသည့် ညွှန်ကြားချက်။

စစ်ဆင်ရေးနယ်မြေတွေဆီ စစ်ကောင်စီက စစ်ကူအင်အားဖြည့်တင်းဖို့ ကြိုးစားကြရာမှာ တပ်ပြေးမှုတွေလည်း ဖြစ်နေပါတယ်။ နိုဝင်ဘာ ၂ ရက်က ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ တောင်ဘွေရွာအခြေစိုက် ခလရ ၉၂ တပ်ရင်းကနေ အရာရှိအဆင့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းသွားဖို့ စုဖွဲ့ထားတဲ့အချိန်မှာ ထွက်ပြေးသွားခဲ့ကြတာပါ။ 

ဒီရက်ပိုင်း စစ်ကောင်စီကထုတ်ဝေနေတဲ့ သတင်းစာတွေမှာလည်း ရှမ်းမြောက်ပိုင်းနဲ့ အညာဒေသက စစ်ရေး သတင်းတွေကို ဖော်ပြထားတာ မတွေ့ရဘဲ ဆိုကရေးတီးပြိုင်ပွဲမှာ မင်းအောင်လှိုင်ကြည့်ရှုအားပေးနေတဲ့ပုံတွေ၊  ရုရှားရေတပ်နဲ့ စစ်ကောင်စီပူးပေါင်းပြီ စစ်ဆင်ရေးလေ့ကျင့်နေတဲ့ သတင်းတွေ၊ KIA နဲ့ PDF တွေက စစ်ကောင်စီထံ အလင်းဝင်လာတယ်ဆိုတဲ့ သတင်းမှားတွေကိုသာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ 

ပုံစာ - ရုရှားမြန်မာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်။
ပုံစာ - ရုရှားမြန်မာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်။

ရှမ်းပြည်မြောက်ပိုင်းမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့က မြို့ ၅ မြို့နဲ့ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းပေါင်း ရာချီသိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း ဒေသကာကွယ်ရေးတပ်တွေက ကောလင်းမြို့နဲ့ ခမ်းပတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ မြို့သိမ်း တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေရာမှာ ကလေးမြို့နဲ့ တမူးမြို့တွေကို သိမ်းပိုက်နိုင်မယ့် အခြေအနေတွေလည်းရှိနေပါတယ်။ 

နိုဝင်ဘာ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက-

“ကောလင်းမြို့သိမ်း တိုက်ပွဲလိုပဲ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံ ချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘောတရားလို ဆင့်ကာဆင့်ကာနဲ့ ထပ်တိုးလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #၁၀၂၇စစ်ဆင်ရေး #အညာစစ်ဆင်ရေး #ရှမ်းမြောက်စစ်ဆင်ရေး #အာဏာသိမ်းစစ်တပ် #အရေးနိမ့် #မြို့သိမ်းတိုက်ပွဲ #စခန်းသိမ်းတိုက်ပွဲ #လက်နက်ကိုင်တော်လှန်ရေး #စစ်ကိုင်း #မကွေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10