သတင်းတို

ပဲခူးတိုင်းအနောက်ခြမ်းမှာ ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီက ငွေတောင်းကြမ်းနေလို့ ဒေသခံတွေ ခက်ခဲနေ

"သူတို့လုပ်တာက အခြေခံလူတန်းစားတွေကို ဒုက္ခပေးတာနဲ့တူတူဘဲ။ တမြို့နယ်ထဲလုပ်နေတာမဟုတ်ဘူး။ ပဲခူးအနောက်ခြမ်းမြို့နယ်အားလုံးမှာ တပုံစံတည်းလုပ်နေတာ။ ငွေတောင်းတယ်။ မပေးရင် ဆိုင်ကယ်သိမ်းတယ်။ ဒါက သူတို့ကံကြမ္မာကို သူတို့ဖန်တီးနေတာဘဲ။ ဒီလိုလုပ်လေ လူထုက သူတို့ကို မုန်းလေစိတ်နာလေဘဲ။ ဖမ်းခံထိတဲ့ အထဲမှာ စကစ ထောက်ခံသူ၊ ပါဝင်နေသူတွေတောင် ဖမ်းတာဘဲ။ ဖမ်းဆီးရေးတာဝန်ရှိတဲ့သူတွေက ငွေရဖို့တခုတည်းဘဲ ကြည့်တော့တာ"

စစ်ကိုင်းမှာ မိုင်းရှင်းထွက်လာတဲ့စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ

“သူတို့ကမုံရွာ - စစ်ကိုင်းကားလမ်းကိုရှင်းဖို့လာတာပါ။ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းဆွဲလိုက်တယ်။ စခတွေထိခိုက်သေဆုံးတာတွေရှိတယ်။ အတိကျတော့မသိရသေးဘူး။ သူတို့ဘက်ကလည်းကျနော်တို့တွေကို လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့ပေမယ့် ကျနော်တို့ဘက်က အထိအခိုက်မရှိပြန်ဆုတ်လာနိုင်ခဲ့တယ်”

ပုလဲမှာ ပျူစောထီးနဲ့ PDF ၂ ကြိမ်တိုက်ပွဲဖြစ်

“မနေ့က ကန့်ဒေါင့်ရဲစခန်းကို ပျုတွေကအင်အားဖြည့်ပြီးပြန်လာတာ။ ကျနော်တို့က ဦးနှောက်ရွာရဲ့အနောက်ဘက်အရောက်မှာ နေ့လည် ၁၁ နာရီလောက်က လမ်းကနေစောင့်ပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး တကြိမ်ထိတွေ့မှုဖြစ်တာ။ နောက်ထပ်သပြေအေးရွာအနောက်ဘက်မှာတခါ ညနေ ၃ နာရီခွဲအချိန်မှာ အဲဒီပျူတွေနဲ့နာရီဝက်ကျော်ကျော်လောက်တိုက်ပွဲထပ်ဖြစ်တယ်”

သင်တန်းမတက်ပါက ကိုယ်တိုင်မီးရှို့မည်ဟု ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဝါသဝခြိမ်းခြောက်

"တအိမ်တယောက် မဖြစ်မနေတက်ရမယ်။ အဝေးမှာသွားပြီး အလုပ်လုပ်ကိုင်နေတဲ့ ကျေးရွာက လူငယ်တွေကိုလည်း ပျူသင်တန်းတက်ဖို့ဖိအားပေးပြီး ပြန်ခေါ်ခိုင်းတယ်။ ပြန်မလာတဲ့ လူငယ်တွေရှိရင် ရွာမှာကျန်နေတဲ့မိသားစုဝင်တွေကို ဖမ်းမယ်"

ကန့်ဘလူမှာ လယ်တဲ ၁၄ လုံးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့မီးရှို့သွား

"မနေ့ကနေ့လည်လောက်က ရွာထဲကိုဝင်တာမဟုတ်ဘဲနဲ့ ရွာအနောက်ဘက်က လယ်တွေ၊ခြံတွေထဲဝင်လာတာ။ သူတို့လိုချင်တဲ့ သူတဦးကိုလာရှာတယ်လို့​ပြောတယ်။ မတွေ့သွားတော့ တဲတွေကိုအကြောင်းမဲ့မီးရှို့သွားတယ်။ ကော​က်ရိုးပုံတွေတောင်မချန်ဘူး"

စစ်ဆင်ရေးမအောင်မြင်လို့ ပြန်ဆုတ်ခွာချိန် စစ်အုပ်စုဘက်ကပြန်ပစ်လို့ PDF တဦးဒဏ်ရာရ

“မိုင်းသုံးလုံးထောင်ခဲ့တယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တာက မကွဲတာမဟုတ်ဘူး ကွဲတယ်။ ဒါပေမဲ့ထိရောက်မှုမရှိလိုက်ဘူး။ ကားကျော်သွားမှပေါက်ကွဲတော့ စကစတွေကကျနော်တို့ဘက်ကိုလှည့်ပြီး သေနတ်တွေနဲ့ပစ်တယ်။ ကျနော်တို့ဘက်ကရဲဘော်တဦးထိခိုက်သွားတယ်။ ဖောက်ခွဲမှုမအောင်မြင်ခဲ့တော့ စကစဘက်က ထိခိုက်ပျက်ဆီးကျရှုံးမှုမရှိလိုက်ဘူး”

ကားဆွဲလာတဲ့ကရိန်းယာဉ်အရှိန်လွန်ပြီး နှစ်စီးစလုံးလမ်းအောက်ထိုးကျကာ ၁ ဦးသေဆုံး

"နောက်က NISSAN DIESEL ခြောက်ဘီးကုန်ကားက မှောက်ထားလို့ ကရိန်းနဲ့သွားဆွဲတာ အခုဖြစ်တဲ့နေရာက လေးထပ်ကွေ့ အပေါ်ဆုံးထပ်ကို ရောက်တဲ့အချိန်မှာ ကရိန်းကအရှိန်နည်းပြီး အောက်ကိုကျသွားတာ၊ အဲတော့နောက်ကဆွဲလာတဲ့ ကားပါအောက်ကိုကျပြီး ကရိန်းပေါ်ကိုပိတာမှာ ကရိန်းယာဥ်မောင်းကဆုံးသွားတာ"

ရခိုင်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မဲစာရင်းကောက်ဖို့စီစဉ်

“မဲစာရင်းကောက်ယူဖို့ သင်တန်းတွေပါပေးဖို့လုပ်နေပြီး အပစ်ခတ်ရပ်ပြီးနောက် စစ်ကောင်စီက မဲစာရင်းကောက်ဖို့စိုင်းပြင်းနေပြီ။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လူထုက စိတ်ဝင်စားမှုမရှိဘူးလို့”

ကော့ကရိတ်မှာတိုက်ပွဲဖြစ်လို့ ရွာချင်းဆက်တံတားတစင်းပျက်ဆီးခဲ့

“တိုက်ပွဲက ကော့နွဲဘက်နဲ့တတန်ကူး နေရာတော်တော်များများဖြစ်တယ်။ ညကလည်း တညလုံးနီးပါး လက်နက်ကြီးတွေပစ်နေတယ်။ ဒီမနက်တော့ တစ်ချက်စ နှစ်ချက်စ အလုံးကြီးသံတော့ကြားနေရတယ်။ မြို့ထဲနေရာတချို့နဲ့ မြို့အဝင်ဂိတ်တွေတော့စစ်သားတွေရှိတယ်။ အခြေနေကတော့ ဘာဆက်ဖြစ်မယ်မှန်းတော့အတိအကျမသိသေးဘူး”

ဒဏ်ရာရရဲတွေ တင်လာတဲ့ လူနာတင်ကား မိုင်းဆွဲခံရ

“မနေ့ကတော့ ကျနော်တို့က အဖွဲ့စည်းတခုထဲပေမယ့် ၂ နေရာခွဲပြီး အလုပ်လုပ်ခဲ့တာပေါ့။ မိုင်းတွေက အစောထဲက ခင်းထားတဲ့မိုင်းတွေ။ ကားပေါ်က သေဆုံးထိခိုက် နောက်ဆက်တွဲတော့ မကြားရသေးဘူး။ လူနာတင်ကားကတော့ မုံရွာဆေးရုံကြီးကို မောင်းသွားတယ်”

ပုတီးကုန်း EPC ရုံးကို သတိပေးတဲ့အနေနဲ့မိုင်းခွဲ

"ပုတီးကုန်း EPC ကို ခုမနက် ၆ ခွဲလောက်ကမိုင်းခွဲခဲ့ပါတယ် ၂ လုံးခွဲခဲ့တာပါ ထိခိုက်မှုကတော့မှန်တွေ ကွဲသွားရုံလောက်ပဲရှိတယ်။ သတိပေးတဲ့အဆင့်ပါ။ မီးကျတော့ ပုံမှန်မပေးပဲ ပြည်သူတွေကို ဖိအားပေးမီတာခတောင်းခံနေလို့ သတိပေးခဲ့တာပါ"

အမ်းက စစ်ဘေးရှောင်ကလေး ၄ ဦးကို စစ်ကောင်စီရဲက ဖမ်းဆီးချုပ်နှောင်ထား

"၁၆ ရက်နေ့မှာ ၂ ယောက်ဖမ်းခံရတယ်။ ၁၇ ရက်နေ့မှာ ၁ ယောက်နဲ့ မနေ့က ၂၉ ရက်နေ့မှာ ၁ ယောက် အဖမ်းခံရတာပါ။ ကလေးတွေကို လမ်းခင်းနေတဲ့နေရာက သံချောင်းတွေကို ခိုးယူတယ်ဆိုပြီးတော့ စွပ်စွဲပြီး ဖမ်းသွားတာပါ။ အခုအချိန်ထိပြန်မလွတ်ပေးဘဲ အချုပ်ခန်းထဲမှာ ချုပ်ထားပါတယ်"

ရဲစခန်းရှေ့မှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက နေအိမ် ၂ လုံးကိုမီးရှို့ခဲ့

"ညောင်ပင်ဝန်းစခန်းထဲကစစ်ကောင်စီတွေက စခန်းအနားကအိမ်နှစ်လုံးကိုမီးရှို့သွားတယ်။ အကြောင်းမဲ့ရှို့တာပါ။ သူတို့ကိုလာပစ်ရင်ထပ်ရှို့မယ်လို့ ကြားထားပါတယ်။ မီးရှို့ခံရတဲ့နေအိမ်တွေနဲ့ရဲစခန်းက သံလမ်းပဲခြားတယ်"

ဒုစစ်ခေါင်းဆောင်စိုးဝင်း ဝမ်ပေါင်ကိုရောက်နေတယ်သတင်းထွက်လို့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ NRG တားမြစ်ထား

“စိုးဝင်းကမြစ်ကြီးနားကနေ လာတယ်ပြောတယ်။ ဒီကိုဘာကြောင့်လာလဲဆိုတာတော့မသိဘူး။ အရင်ကတခါမှမလာဖူးဘူး။ အခုမှလာတာ။ မနေ့ညနေကတည်းက နမခ မှာရောက်နေတာ။ ဒီမနက်ကားဘယ်နှစ်စီးလဲဆိုတာတော့ အတိအကျမသိရဘူး။ ဘာလို့လည်းဆိုတော့ မနက်ဝေလီဝေလင်း လမ်းတလျှောက်ကားတန်းရှည်ကြီး မီးရောင်တန်းကြီးမြင်ရပေမဲ့ အမှောင်မပြယ်သေးတော့ မသိနိုင်ဘူး”

ပေါက်တောင်ပိုင်းပြောက်ကျားတပ်က ဒေသခံတွေရဲ့ကျန်းမာရေးကို နယ်လှည့်ကုသပေးနေ

"ကျောင်းကျန်းမာရေးအတွက်နဲ့ ကျေးလက်ကျန်းမာရေးအတွက် ပညာပေးဟောပြောရတာပါ။ စစ်ရှောင်တွေကလည်း နေရာအနှံ့အပြားမှာရှိနေတော့ အလှည့်ကျဟောပြောပညာပေးကုသရပါတယ်။ အသိပညာပေးဟောပြောကုသပေးတာက CDM ကျန်းမာရေးဆရာမတွေပါ။ တော်လှန်ရေးရဲဘော်တွေက ဝိုင်းကူကြတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10